Saturday, June 14, 2014

ကျောင်းဆရာရဲ့ဝေဒနာမှတ်စု



ကျောင်းဆရာရဲ့ဝေဒနာမှတ်စု   

ကျောင်းဆရာ
ခေါင်းမာစမ်းပါတဲ့……..။
ပြောရှာတဲ့သူတို့စကား
ရင်ကြားကိုထိုးဖောက်
ဝီရမြောက်စေခဲ့ပေါ့။
ဆယ့်လေးတန်းအောင်
ဝမ်းခေါင်ခေါင်အလုပ်မမဲ့ရေး
ဇနပုဒ်ကိုပြေး
ကျောင်းဆရာလေးလုပ်ခဲ့ရ။
ကျေးလက်ဟာ
ထွေးဖက်လို့
နွေးသက်ရှာပ
နွေပူတံလှပ်
တောအရပ်တောဓလေ့
ငြီးငွေ့ပျင်းခြောက်
သိင်္ဂါရတွေပျောက်။
ယိုင်နဲ့အိုဟောင်း
စာသင်ကျောင်းကကြို
ဆရာဆိုလာလေ------တဲ့။
အကျီင်္စုတ်ပြတ်
နှပ်ချေးတွေထပ်
ညစ်ညစ်ပတ်ပတ်
မျက်လုံးလေးပေကလပ်
စာတတ်ချင်တဲ့ကလေးတွေ။
ဆရာလေးလာပြီ …………
ဆရာလေးလာပြီ………….
ရိုးဟေးညာသံညံစီစီ။
ကသီကရီပြေးလွှား
တအားပွေ့ဖက်
အားတက်နေတဲ့ကလေးတွေ။
မိုးကျရင်ဖားရှာ
နွေမှာတော့ နွားကျောင်း
ဆောင်းမှာတော့ ကျောင်းတက်
အလုပ်တစ်ဖက်
ကျောင်းတစ်ဖက်တစ်ချက်
တစ်ဘက်ကိုဇောက်မချ
ဇောက်ချချင်ပေမယ့်
ဘ၀၀မ်းတစ်ထွာ
တိုက်ပွဲဝင်နေရရှာပေါ့။
ကျောင်းအားရက်
ချောင်းနားဖက်ကိုသွား
ငါးရှာသူရှာ
ဖားရှာသူရှာ
တစ်ခါတစ်လေတော့
ကွန်လှေပဲ့ကိုင်လုပ်
ကလေးရုပ်မပေါ်
တိုက်ပွဲပျော်လေးတွေပါပဲ။
သည်ရွာသည်ကျောင်း
ညနေစောင်းတော့
ခေါင်းလောင်းသံချိုချို
ဝေလေလေဆိုသူတို့ပြေး
လွယ်အိတ်လေးတွေပစ်ချ
အဘလယ်ကွင်း
သက်ကာဆင်း
တစ်ညနေခင်းကုန်ပြန်ရော
နောက်တစ်နေ့မနက်
ကျောင်းအတက်မှာ
စာကျက်ခဲ့လားမမေးနဲ့
မျက်လုံးလေးတွေပေကလပ်
မတ်တပ်ရပ်ကြောင်တောင်တောင်
ဝမ်းမီးမှငြိမ်းပါလေစ။
သူတို့ဘဝ
သူတို့ဓလေ့
ပျော်မွှေ့နေရှာ
အနာဂတ်ကိုမသိ
ပစ္စုပ္ပန်ကိုသူတို့ကြည့်
ရက်ကိုလစား
တစ်နှစ်များကုန်
ဖတ်တတ်ရုံရေးတတ်ရုံ
ဘွဲ့တစ်ခုခြုံရသလိုပ
ကျောင်းဘက်ကိုမကြည့်အား
လယ်ကွင်းဘက်ကိုအားထား
နွေစပါးမိုးစပါး
အခစားလုပ်
အပြုံးရုပ်နဲ့နေတတ်ပြီ။
ကျောင်းဆရာ
ခေါင်းမာရမယ့်အစား
ကျောင်းသားတွေရဲ့ဘ၀များ
ရင်ကြားမှာဗဟိုပြု
ဝေဒနာမုန်တိုင်းငယ်
တစ်ခုဖြစ်ထွန်းပြီ။

           မြောင်းမြမျိုးမင်းဦး
ပညာတန်ဆောင်မှာဖတ်ဖူးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။ နှလုံးသားကို ရိုက်ခတ်သွားလို့ ကူးယူပြီး တင်လိုက်ပါတယ်။ သူငယ်ချင်းတို့ရောခံစားပေးလို့ရပါသလား ခင်ဗျာ……….။          

0 comments:

Post a Comment