တစ်နေ့
အိမ်ကို အမေ့ရဲ့တူလေးရောက်လာတယ်။ ကျွန်မထက် ၁နှစ်လောက်ငယ်ပါတယ်။ သူတွေ့ကြူံခဲ့ရတဲ့
အဖြစ်ပျက်တွေကတော့ အရွယ်နဲ့မမျှအောင် ဆိုးရွားလွန်းလှပါတယ်။ သူ့အဖေရော အမေရောဆုံးပြီး
ကျွန်မတို့အိမ်မှာ ထာဝရနေဖို့ရောက်လာခဲ့တာပါ။
သူရောက်လာပြီးကတည်းက
ကျွန်မဘ၀ရဲ့ ပျော်ရွင်မှုတွေဟာ ဆိတ်သုဉ်းခဲ့ရပါတယ်။ အကြောင်းကတော့ ဖေဖေအမြဲတမ်း ချီပိုးခံခဲ့ရတဲ့
ကျွန်မ အခုတော့ ဖေဖေ့လက်ထဲက သူမကို မော့ကြည့်နေခဲ့ရပါပြီ။ ညအိပ်ရာဝင် ပုံပြင်ပြောတော့လည်း
ဖေဖေ့ရင်ခွင်ထဲကို သူမတက်ထိုင်လို့ပေါ့။ ကျွန်မတို့နှဟ်ယောက်ကို တစ်ခုခုခိုင်းလို့
စိတ်တိုင်းမကျရင် မေမေက ကျွန်မကို့ပဲ ဆူတော့တယ်လေ။ ကလေးသဘာဝ အရုပ်လုပြီး ဆော့ကစားကြတော့လည်း
ကျွန်မပဲအရိုက်ခံရတယ်လေ။
အစ်ကိုကလည်း
ကျွန်မကို အရေးအလုပ်တော့ဘူး။ ညီမလေးရဲ့ အပီကလာ ပီကလာနဲ့ ပြောပြတဲ့ အကြောင်းအရာလေးတွေကို
စိတ်ဝင်တစား နားထောင်နေလေရဲ့။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကလည်း ရှီပါသေးတယ်။ ကျွန်မအစ်ကိုက
အသားဖြူဖြူ၊ ညီမလေးကလည်း အသားဖြူဖြူ လေးရယ်ပါ။ အဲဒီတော့ ကျွန်မကို မွေးစားသမီးလားတဲ့လေ။
မသိလိုံရော စတာရော ပါ။ ဒါပေမယ့် အဲဒီစကား ကျွန်မအမုန်းဆုံး စကားလုံးပါပဲ။
တစ်နေ့ထက်
တစ်နေ့ ညီမလေးကို မုန်းရုံသာမက မိဘနှစ်ပါးနဲ့ အစ်ကို ကိုလည်း မုန်းလာပါတော့တယ်။ အိမ်မှာ
မနေချင်တော့လောက်အောင်ပါပဲ။ နေ့တိုင်း ကျောင်းစောစော သွားဖြစ်ပါတော့တယ်။ မနက် ၇ နာရီလောက်ဆို
ကျွန်မ ကျောင်းရောက်နေပါပြီ။
ကျွန်မအခုလို
ခံစားနေရတာ ကျွန်မအိမ်က လုံးဝမရိပ်မိပါဘူး။ ဒါပေမယ့် ကျွန်မ ဆရာမကတော့ ရိပ်မိသွားပါတယ်။
ဆရာမက မူကြိုကနေ လေးတန်းအထိ သင်ပေးခဲ့သူလေ။ ကျောင်းဝန်းထဲမှာပဲနေတာပါ။ ကျွန်မကလည်း တစ်ခါတစ်လေ ဆရာမကို ရေခပ်၊တံမြက်လှည်း
ကူညီပေးပါတယ်။ ဆရာမနဲ့ တွေ့တိုင်း မိဘမေတ္တာ ကြီးမားပုံအကြောင်း၊ မိဘကျေဇူးကို သိတတ်ပြီး
ပြန်ဆပ်ရင် ဘယ်လို အကျိုးတရားတွေရကြောင်းကို ပုံပြင်လေးတွေပြောပြတတ်ပါတယ်။
တစ်နေ့တော့
ဆရာမပြောတဲ့စကားထဲမှာ သမီးရဲ့ မိဘတွေက သမီးကို အရမးချစ်ကြောင်း ဆိုတဲ့စကားပါလာပါတယ်။
အဲဒီတော့ ကျွန်မဆရာမက ရယ်ပါတယ်။ “ ဆရာမ မသိလို့ပါ။ သမီးတစ်ခုလေးပဲ ပြောပြမယ်။ အရင်ကလေ
ဟိုဘက်ရွာ ဘုရားပွဲ သွားတဲ့အခါ စက်ဘီးနဲ့ ဖေဖေတို့ က လိုက်ပို့တယ်။ ဖေဖေ့နောက်မှာ အစ်ကိုလိုက်တယ်။
မေမေ့နောက်မှာ ညီမလေးလိုက်တယ်။ သမီးက ဘေးအိမ်က ဦးလေးကြီးနောက်ကပဲ လိုက်ရတာပါ။ ကျွန်မစီးတဲ့ဘီးက
ဘီးပေါက်ပြီး ပွဲထဲရောက်တာ နည်းနည်းနောက်ကျသွားတယ်။ အဲဒီမှာ သူတို့တွေက စက်ဘီးထားတဲ့နေရာမှာ
စောင့်မနေကြဘူး ။မုန့်စားသွားနေကြတယ်။ အဲဒီနေ့က သမီးခံစားချက်ကို ဆရာမစဉ်းစားကြည့်ပေါ့”
လို့ ကျွန်မပြောလိုက်မိပါတယ်။
ဆရာမတော်တော်
အံသြသွားပုံရပါတယ်။ မူလတန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကို ဆရာမလျစ်လျူမရှုခဲ့ပါဘူး။ မိဘကိုလည်း
အပြစ်မမြင်စေချင်လို့ “ သမီးအစ်ကိုက ထွားတော့ ဖေဖေကပဲ တင်နိုင်တယ်လေ။ သမီးညီမလေးက ပိန်ပိန်လေးဆိုတော့
မေမေက နိုင်တယ်ပေါ့ “ တဲ့လေ။ ကျွန်မလက်ခံလိုက်ရပါတယ်။ ဒါပေမယ့် ကျွန်မပြန်ပြောမိလိုက်ပါသေးတယ်။
“ အို.. မသိဘူးဆရာမရယ်…. သမီးကို ဘယ်သူကမှ ဂရုမစိုက်ကြတာတော့အမှန်ပဲ “
“ သမီးကို
အဖေရော ၊ အမေရော ပိုဂရုစိုက်မယ့် နည်းလမ်းရှိတယ်။ အဲဒါ သမီးစာကြိုးစား ရမယ် “
“ ဟာ…ဘာမှမဆိုင်ပါဘူး
ဆရာမ “
“ ဆိုင်တာပေါ့
ပြီးတော့ သမီးက မောင်နှမ သုံးယောက်ထဲမှာ အတော်ဆုံးဖြစ်အောင် လုပ်ရမယ်လေ။ စာတော်တဲ့သူတွေကို
မိဘတွေက ပိုချစ်တယ်လေ။ ဒီနှစ်လေးတန်း ထူးချွန်ထဲပါအောင် ကြိုးစားပေါ့ “
ဒီလိုနဲ့
တကယ်ပဲ ထူးချွန်ဝင်အောင် ကျွန်မ ကြိုးစားခဲ့ပါတယ်။ ထူးချွန်ဖြေတော့ မိတ္ထီလာ မြို့ကို
သွားဖြေရပါတယ်။ အဲဒီနေ့က မေမေ ကျွန်မကို ကျောင်းဝတ်စုံ အသစ်လေး ၀တ်ဆင်ပေးပါတယ်။ မနက်စောစော
ဖေဖေ့စက်ဘီးနောက်က စီးလို့။ မေမေကလည်း နောက်ကနေ မုန့်ခြင်းလေးကိုင်ပြီး စက်ဘီးလေး တစ်စီးနဲ့ပါပဲ။
အို…ပျော်လိုက်တာ။ စာမေးပွဲ ဖြေပြီးတော့ ပြုံးပျော်လို့ ပါ ။နောက်ပိုင်းတွေ မှာလည်း
ကျွန်မ ထူးချွန်ပါအောင် ဖြေဆိုပါတော့တယ်။ဆရာမရဲ့ အကူအညီနဲ့ မိဘမေတ္တာကို ပြန်လည်ရယူနိုင်ခဲ့တယ်လို့ပဲ
ခံယူခဲ့ပါတယ်။ တကယ်တော့ ကျွန်မမိဘက အရင်ကလည်း ချစ်ခဲ့ အခုလည်း မပြောင်းလဲတဲ့ ချစ်ခြင်းနဲ့
ချစ်နေတာပါပဲ။ ဆရာမက ကျွန်ကကြိုးစားနေချိန်မှာ ညီမလေးကို နားလည်ပေးနိုင်အောင် သူ့ဘ၀ကို
စာနာတတ်အောင် ပုံပြင်လေးတွေ၊ ဥပမာလေးတွေပေးပြီး အမြဲ ဆုံမနေခဲ့ပါတယ်။ ဆရာမကျေးဇူးကြောင့်
ညီမလေးဘ၀ကိုလည်း စာနာနားလည်ပေးတတ်ခဲ့ ပါတယ်။ မိဘတွေကိုလည်း နားလည်ပေး တတ်ခဲ့ပါပြီ။
ဆရာမရဲ့
လမ်းညွှန်ပေးမှုနဲ့ အခုဆိုရင် ဆရာမခြေရာနင်းရင်း ဆရာမကို ကျေးဇူးဆပ်နိုင်ဖို့ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ
ပညာသင်ကြားခွင့် ရနေပါပြီ။ ကျေးဇူးတင်ပါတယ် ဆရာမရယ်။ ဆရာမတစ်ယောက် တပည့်မိုက်လေး အလိမ္မာရပြီး
ပညာအမွေ လက်ဆင့်ကမ်းပေးနိုင်ခဲ့တာကို ကြည်နူးပိတိဖြစ်နေလိမ့်မည်ဟု ယုံကြည်လျက်…..။
ပန်းသဇင်
( မိတ္ထီလာ )
0 comments:
Post a Comment