ကျွန်တော့်အနေနဲ့ fb မှာ
status ရေးခဲပါတယ် ။ အခုတော့ ခံစားချက်လေးရှိလို့ စိတ်ထဲရှိတာလေး ရေးလိုက်ပါရစေ ။

အခု ကျွန်တော်တို့ကျောင်းမှာ
ဘောလုံးပြိုင်ပွဲ ကျင်းပနေပါတယ် ။ အားပေးတဲ့သူတွေကလည်း ကိုယ့်အသင်း သူ့အသင်း အားပေးကြလို့ပေါ့
။ အဲဒီနေ
ရာမှာ မိမိအသင်း ဂိုး မပေးရရေးအတွက် အရဲစွန့်ပြီး ငါး ဂိုးလောက် ကာကွယ်နိုင်တဲ့
ဂိုးသမား နဲ့ တစ်ဖက်အသင်းကို နှစ်ဂိုးလောက် သွင်းနိုင်တဲ့ တိုက်စစ်မှူးကို နှိုင်းယှဉ်ကြည့်လိုက်ပါ
။ အားပေးတဲ့ လက်ခုပ်သံ ဘယ်သူ့အတွက် ပိုညံမလဲလို့လေ ။
နိုင်ငံတော်ရဲ့ အထွတ်အထိပ်
အာဇာနည်ခေါင်းဆောင်ကြီးတွေအကြောင်း စာရေးဆရာ ၊ ကဗျာဆရာတွေ ခက်အဆက်ဆက်က စာဖွဲ့ခဲ့ ဂုဏ်ပြုခဲ့ကြပါတယ်
။ ဒါပေမယ့်လေ ဆရာကြီးမင်းသုဝဏ်လိုမျိုး အညတရ စစ်သားလေးအကြောင်း ဖွဲ့ဆိုထားတဲ့ သူ့မှာတမ်း…..လို ကဗျာမျိုး ဘယ်စာဆိုတွေကများ ဂုဏ်ပြုခဲ့ကြလို့လဲလေ….။
ရွှေနန်းတော်မှာ အမှုထမ်းရတဲ့
အသည်ဝန်ကြီး ပဒေသရာဇာရဲ့ တျာချင်း ကဗျာတွေဟာ ဘုန်းတော်ဘွဲ့ ကဗျာတွေနဲ့ နှိုင်းယှဉ်ရင်
အရေအတွက်အားဖြင့် ကွာခြားလွန်းလှ ပါတယ် ။
မိမိပခုံးဖြင့်ထမ်းပြီး နောင်တော်
မင်တုန်းမင်းကို နန်းတင်ပေးခဲ့တဲ့ ကနောင်မင်းသားကြီး အကြောင်းဟာ သမိုင်းစာမျက်နှာ ဖွင့်လှစ်မှုမှာတော့
သာသနာပြု မင်းတုန်းမင်းကြီးထက် ညှိုးမှိန်ချင် ညှိုးမှိန်နေပါလိမ့်မယ်…။
မဟာရာမ ဇာတ်တော်ထဲမှာလည်း
ရာမမင်းသားဟာ ဇာတ်လိုက်မင်းသားပဲပေါ့ ။ တစ်ချို့လူတွေက နောက်ပိုင်းမှ ဒဿဂီရိကို ဇာတ်လိုက်အဖြစ်
အသက်သွင်းလိုက်ကြတယ်။ သီတာဒေ၀ီကို မိမိ ပိုင်ဆိုင်ခွင့် ရှိပါလျက် ၊ အမှန်တကယ်လည်း
မြတ်နိုးပါလျက် နောင်တော်အတွက် ပေးဆပ်ခဲ့တဲ့ လက္ခဏ မင်းသားကိုတော့ ဘယ်သူကများ နားလည်ခံစားပေးကြလို့လဲ
နော် ။
ကျွန်တော် ဒီလိုခံစားချက်တွေနဲ့
ဒွေးချိုး ကဗျာလးတစ်ပုဒ် ရေးဖွဲ့ခဲ့ ဖူးပါတယ် ။
ပန်းသီကြိုး
စံပယ်ဖွေးဖွေး
ခရေလေးတွေ
မွှေးရနံ့လှိုင်လှိုင်
သင်းကြိုင်စေရေး ။ ။
ပန်းလေးဝေေ၀ဆာ
ညီညီညာ ပွင့်လန်းလို့
စီရရီ တင့်ဆန်းစေတယ်
ပန်းသီကြိုးလေး ။ ။
စံပယ်ပန်းကုံး ၊ ခရေပန်းကုန်းလေးတွေ
ပျိုပျို ၊ ဒေါ်ဒေါ် ခေါင်းပေါ်မှာ မြတ်နိုးစွာ ပန်ဆင်ထားတတ်ကြပါတယ် ။ ပန်းကုံးလေးရဲ့အလှကို
တခုတ်တရ ချီးမွမ်းပြောဆို တတ်ကြပါတယ်။ ဒါပေမယ့်လေ ပန်းကုံးလေးဖြစ်အောင် မမြင်ရတဲ့နေရာမှာ
အဖြည့်ခံပေးထားရတဲ့ ပန်းသီကြိုးလေးရဲ့ အလှ နဲ့ ဘ၀ ကိုတော့ ဘယ်သူကများ ချီးမွမ်း ပြောဆိုနေကြလို့လဲ
နော်…….။
( ကျွန်တော် fb မှာရေးခဲ့တာလေးပါ ။ စိတ်ထဲရှိတာလေးရေးမိလို့ သဘောထား မတိုက်ဆိုင်ရင် လည်း ခွင့်လွှတ်ပေးကြပါနော် )
0 comments:
Post a Comment