မောင်ဖတ်ဖို့………
ကဗျာရေးတဲ့လက်မို့
စိတ်ကူးယဉ်သက်သက်လို့
ထင်သလားမောင် ။
။
ဂစ်တာတီးတဲ့လက်
ထမင်းမချက်တတ်ဘူး
မထင်ပါနဲ့မောင် ။
။
ပီယာနိုတီးတဲ့လက်
ဘ၀အတွက်
သတ္တိမချို့တဲ့ဘူးမောင် ။ ။
ပန်းကောက်တဲ့လက်
အတ္တတွေပြိုးပြက်မနေပါဘူးမောင် ။ ။
မိုးရေစက်များကို
ထွေးပွေ့လိုတဲ့လက်
ဘယ်တုန်းကမှ
တရားမပျက်ခဲ့ပါဘူးမောင် ။ ။
မသွယ်လျတဲ့လက်
တစ်စုံတစ်ရာကိုမှ
နာကျင်အောင်
မပြုရက်ခဲ့ပါဘူးမောင် ။ ။
အရုပ်ဆိုးတဲ့လက်
မေတ္တာတရားဆိုတဲ့အလှနဲ့
ကုံလုံကြွယ်ဝပါတယ်မောင် ။ ။
ကြမ်းတမ်းတဲ့လက်
နားလည်ကြင်နာတတ်ခြင်းများနဲ့
သိမ်မွေ့လျက်ရှိပါတယ်မောင် ။ ။
ဒါပေမဲ့
မျက်ရည်ခဏခဏ
သုတ်ရတဲ့လက်
ဆင်းရဲခြင်းစိတ်ဒုက္ခများနဲ့
ခွန်အားချည့်နဲ့နေပြီမောင် ။ ။
မိကောက်
( အောင်ဝေး၏ သြခက်စကြာ ကဗျာစာအုပ်မှ ထုတ်နှုတ်ဖော်ပြလိုက်ပါသည်။
)
0 comments:
Post a Comment