This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, December 21, 2014

မစ္စတာဒေးဗစ် စပါးကြီးရဲ့မျက်လှည့်ပွဲ

  ရထားကြီးတစ်စင်းလုံး ဖျောက်ပြတာလား
       ခေါက်ထား
       လစ်ဘာတီရုပ်တုကြီး ဖျောက်ပြတာလား
       ခေါက်ထား
       ငါတို့ရှေ့က မျက်လှည့်ဆရာ
       မျိုချပြနေတာက
       ကျောက်တောင်ကြီးတွေ တစ်တောင်ပြီးတစ်တောင်
       သစ်တောကြီးတွေ တစ်အုပ်ပြီးတစ်အုပ်
       ကုန်ထွက်ပစ္စည်း ရေထွက်ပစ္စည်း ဘာကြီးဖြစ်ဖြစ်
       အကုန်မျိုပစ်လိုက်မယ်
       လာထား
       အသေးအမွှားပါမချန် တောက်တဲ့တစ်ကောင်တောင် မကျန်စေရ
        ပါးစပ်ကလည်း မျိုချစရာ ဘာကျန်သေးလဲ တစ်မေးတည်းမေး
        ငါ့တို့မှာ ငေးနေရတုန်း
        နောက်ဆုံးပြကွက်အပြီးမှာ
        ဟာ..........မြစ်ကြီးတစ်စင်း
         ဘယ်လိုပျောက်သွားတာလဲ။


       မိုးသစ်ဝေ

Saturday, December 20, 2014

စာသင်ခန်းများအတွင်း လေ့ကျင့် ပျိုးထောင်ပေးရမည့် စဉ်းစားတွေးခေါ်မှုစွမ်းရည်များ (မောက္ခ ပညာရေးမဂ္ဂဇင်း)။


ကြောင်းကျိုးဆီလျော်စွာ တွေးတောခြင်း (Logical Thinking)
  • ယေဘုယျ တွေးတောတတ်ခြင်း
  • ဇယားချ တွေးတောခြင်း
  • ဆက်စပ် တွေးတောခြင်း
  • ထုတ်ယူစဉ်းစားခြင်း
ဝေဖန်ပိုင်းခြားဆန်းစစ်တွေးတောခြင်း (Critical Thinking)
  • အမျိုးအစားခွဲတတ်ခြင်း
  • အစီအစဉ်တကျ ပြုလုပ်တတ်ခြင်း
  • မျိုးတူအုပ်စုခွဲတတ်ခြင်း
  • စူးစမ်းလေ့လာ အကဲဖြတ်တတ်ခြင်း
  • နှိုင်းယှဉ်တတ်ခြင်း
  • မတူသည့်အချက်များကို ရှုမြင်တတ်ခြင်း
တီထွင်ဖန်တီးတွေးတောခြင်း (Creative Thinking)
  • စူးစူးနစ်နစ်တွေးတောခြင်း
  • ရဲရဲတင်းတင်းတွေးတောခြင်း
  • လွတ်လွတ်လပ်လပ်တွေးတောခြင်း
  • ဖြာထွက်တွေးတောခြင်း
  • ဆက်စပ်တည်ဆောက်တွေးတောခြင်း
  • အဓိပ္ပါယ်အသစ်ဖွင့်ဆိုတွေးတောခြင်
  • အသစ်ဖန်တီးတွေးတောခြင်း
  • စိတ်ကူးပုံဖော်တွေးတောခြင်း
အကောင်းမြင်တွေးတောခြင်း(Positive Thinking)
  • မိမိနှင့် အများအကျိုးကို လိုလားသော စိတ်ထားဖြင့် တွေးတောခြင်း
  • ပျော်ရွှင်ရယ်မောဖွယ်ရာ ဟာသတွေးတောခြင်း
  • သတင်းကောင်းကို မျှဝေလိုခြင်း စိတ်ထားဖြင့် တွေးတောခြင်း
  • မုဒိတာ၊ ဝမ်းမြောက်ဝမ်းသာ စိတ်ထားဖြင့် တွေးတောခြင်း
  • မျှော်လင့်ချက်၊ ယုံကြည်ချက်တို့ဖြင့်တွေးတောခြင်း
 Credit to (မောက္ခ ပညာရေးမဂ္ဂဇင်း )

Google.com.mm မှာ Zawgyi font ရော, Unicode ပါ အဆင်ပြေပြေဖတ်နိုင်ဖို့ --------------------------------------------------------------------------------------------

www.google.com.mm မှာ သုံးထားတဲ့စာသားတွေက Unicode ပါ။အဲ့အတွက် Zawgyi ကိုပဲအမြဲတမ်းသုံးတဲ့ကျနော်တို့အတွက် font 2 ခုလုံးပေါ်ဖို့ အခက်အခဲဖြစ်စေပါတယ်။အခု
ကျနော်ပြောမယ့် နည်းလမ်းက Zawgyi ကော် Unicode ကော်ကို Font Setting မပြောင်းပဲ နဲ့ အဆင်ပြေပြေဖတ်နိုင်ဖို့ပါ။ လိုအပ်တာကတော့

Sunday, September 28, 2014

အဖေ့မှာတမ်း

အဖေ့မှာတမ်း
==========
အဖေမှာမယ်..... သားရယ်လူလေး
ငယ်မူသွေးကြွ နုထွေးပျိုမျစ် အရွယ်ဖြစ်လို့
ချစ်သူရည်းစား ထားချင်ငြားလည်း
ရင်ထဲမျိုသိပ်လွမ်းအတိတ်နှင့်
ဆွေးစိတ်ကိုဖျောက် ခြင်္သေ့ဟောက်သို့
ယောက်ျားဇာနည် ပညာရည်မွန်
လူရည်ချွန်ဘွဲ့ သားယူခဲ့၍
သားရဲ့ဇာတိ ဆရာမိဘ
မွေးသည့်ရပ်ရွာ အေးချမ်းသာပြီး
ပညာထွန်းကား ပြိုင်စံရှားအောင်
ငါ့သားစွမ်းဆောင်စေချင်တယ် ။
အဖေမှာမယ် သားရယ်လူလေး
သမိုင်းတွေးကြည့် ရေးခဲ့မော်ကွန်း
စာအထင်သား ပု ပင်း အင်း တောင်
ညောင်ရမ်းနှောင်မှ ကုန်းဘောင်နှစ်လီ
ကိုလိုနီနှင့် မြန်ပြည်ဆန်းသစ်
ယနေ့ခေတ်တိုင် မျိုးချစ်ဇာနည်
သာကီနွယ်ဖွား မြန်ပြည်ဖွားတို့
များစွာအသက် မငဲ့ကွက်ဘဲ
လက်ဆင့်ကမ်းကာ စောင့်ရှောက်လာသည့်
စာပေလူမျိုး ပုထိုးစေတီ ကြာရှည်တည်ပြီး
ဒို့ပြည်ဒို့ရွာ ဒို့ဘာသာနှင့် သာသနာကျိုး ပညာကိုး၍ သယ်ပိုးထမ်းဆောင် အောင်မြင်အောင်ဟု
စွမ်းဆောင်ဖို့တွက်ရည်ရွယ်ချက်ဖြင့်
ကျေးလက်ဌာနေ ဖေဖေမေမေ
ဆွေမျိုးတွေနှင့် မိတ်ဆွေများအား
ခွဲခွာသွားပြီးငါ့သားမြို့တက်
အထက်တန်းလွှာ မြတ်ပညာကို
ရှာဖွေစုစည်း ဤခရီးကြီး
ပြီးစီးအောင်မြင်ပါစေသား ။

တက္ကသိုလ် -အောင်ကျော်ဟိန်း

ဟေ့...မပစ်နဲ့ (တက္ကသိုလ်စိန်တင်)

ဟေ့...မပစ်နဲ့ (တက္ကသိုလ်စိန်တင်)
=========================

အချိန်က ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးပြီးဆုံး၍ တစ်နှစ်ခန့် အကြာ....
နေရာက ဧရာဝတီတိုင်း၊ဓနုဖြူမြို့...။

နိုင်ငံရေးစည်းရုံးမှုလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်သူလူထု(၅၀၀၀)၀န်းကျင်ကပါ စုရုံးရောက်ရှိနေတယ်....။

တပ်မတော်ကဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးက ''လမ်းပေါ်မှာ လူစုလူဝေး မရှိစေရ။ ရှိခဲ့သော် ပစ်ခတ်တားဆီးရလိမ့်မည်"ဟု သေနတ်တစ်လက်ကို ကျည်ထိုး မောင်းတင်လျက် အမိန့်ပေးသည်။

အဲ့ဒါနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ လူအုပ်ကြီးဟာ လမ်းပေါ်ကနေ လမ်းဘေးကို ဆင်းပေးလိုက်တယ်... ။

နောက်ထပ် အမိန့်ပေးသံထပ်ထွက်လာတယ်.... လမ်းဘေးမှာ လူစုရင် ပစ်မယ် "... တဲ့ ...။

ဒါနဲ့ပဲ လမ်းဘေးမှာ နေရင်လည်း ပစ်မယ့်အတူတော့ 'ဆိုပြီး.. ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ လုအုပ်ကြီးဟာ လမ်းမပေါ်ပြန်တက်လိုက်ကြတယ်... ။

အရေးတော်ပုံမှာ ကြွေးကြော်ခဲ့ကြတဲ့-
""ဘာစိတ်ဓါတ်လဲ ၊ အောင်ဆန်းစိတ်ဓါတ်
ဘာသတ္တိလဲ ၊ အောင်ဆန်းသတ္တိ
ဘာဇွဲမာန်လဲ ၊ အောင်ဆန်းဇွဲမာန်""
ဆိုတဲ့ကြွေးကြော်သံကို အောင်ဆန်းသမီးက လှပစွာပြလိုက်တဲ့ တစ်ခဏမှာ .... လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တိုက်တိုးနေတဲ့ သေနတ်နဲ့ ချိန်ထားသူ စစ်ဗိုလ်လေးက ကျည်ထိုးမောင်းတင်ထားတဲ့ သေနတ်ကို ခလုတ်ဆွဲတော့မယ့်ဆဲဆဲ စက္ကန့်အနည်းငယ်အလိုမှာ အထက်အရာရှိ ဗိုလ်မှူးတင်ဖေအေးက ပြေးလွှားဝင်ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ ချိန်ထားသူ စစ်ဗိုလ်လေးကို အော်ဟစ်အမိန့်ပေးတားဆီးလိုက်တယ်....

''ဟေ့... မပစ်နဲ့ .... ဒါ စစ်မြေပြင်မဟုတ်ဘူး...။ ဒါ နိုင်ငံရေး...''

ဒါဟာ အသိဥာဏ်ပညာကြွယ်ဝတဲ့ တပ်မတော်အရာရှိ ဗိုလ်မှူးတင်ဖေအေးရဲ့ သမိုင်းဝင်မယ့် စကားပါပဲ...

လေးစားပါတယ် ဗိုလ်မှူး

(တက္ကသိုလ်စိန်တင်မှ)

အဝေး..သို့ ************

အဝေး..သို့
************

အဆင်ပြေလား
ငါနဲ့ဝေးတဲ့ တစ်နေရာမှာ

ယခင်နေ့များနဲ့
အသွင်တွေ ခြားနေရောပေါ့

ငါ့ထက်သာတဲ့
သခင်တွေ သိပ်များမှာပါ

ငါက အရင်လိုပဲ
ဖလင် တိတ်သားပေါ့

ဘာပဲဖြစ်ဖြစ်
အဆင်ပြေပါစေ ထိပ်ထား

Credit- မြေမာန်မိုး

အပါယ်ကျတတ်သော အလှူ ၁၀-ပါး

အပါယ်ကျတတ်သော အလှူ ၁၀-ပါး
=========================
၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။
၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။
၃။ ဣတ္ထိဒါန - မိန်းမအလှူ။
၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။
၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော အလှူ။
၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ။
၇။ ၀ိသဒါန - အဆိပ်အလှူ။
၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။
၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။
၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။တို့ဖြစ်ပါတယ်။

(၁) - သမဇ္ဇဒါန လို့ခေါ်တဲ့ ကချေအလှူ(အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ရင်နှီးသူအချင်းချင်းလည်း "သူငယ်ချင်း' မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး" အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင်အပ္ပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။

(၂) - သရည် သေရက်(ဘီယာ ထန်းရည် ဆေးခြောက်စသည်)လို့ခေါ်တဲ့ မဇ္ဇဒါန ပါ။ အဲဒီအလှူကိုလည်းယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း အလုပ်အကိုင်အဆင်ပြေလို့ သော်လည်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။တကယ်တော့အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ ဒါန အကုသိုလ်ဖြစ်တဲ့ဒါန အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ဒါကြောင့်ထိုထိုသောဒါနကိုလည်း အားလုံးသော ဒကာ ဒကာမများမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။

(၃) - ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့(prostitute) အလှူဒါန ကိုပြောလိုခြင်းဖြစ်ပါတယ်။အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ တိုက်တွန်းပါတယ်။

(၄) - ဥသဘဒါန ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်းဦးဆောင်မြင်းလား တို့ကိုပေးလှူတဲ့အလှူဒါနပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။

၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော အလှူ။ ဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂ စိတ်တွေဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ ။ပြက္ခဒိန်များ။ နောက်အပြုအမူများ စသည်တို့ကိုပေးလှူတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပ္ပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့တိုက်တွန်းပါတယ်။

၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ်အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ သတ်ဖြတ်ဖို့အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။

၇။ ၀ိသဒါန - အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာက တစ်ဦးတစ်ယောက်ကိုချုပ်နှောင်ဖို့ ဒုက္ခဖြစ်စေဖို့ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။

၉။ ကုက္ကုရ သူကရ ဒါန -ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့၎င်း သူတစ်ပါးအားသတ်စေပြီး ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး။ ဝယ်တဲ့(အလေး)ကတစ်မျိုး။ (ချိန်ခွင်နဲ့ဈေးရောင်းသူ)ထို့ပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး။ ဝယ်တဲ့ (ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ)ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း။ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။

ယခုဖော်ပြပြီးတဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပ္ပါယ်လေးပါးကိုရောက်စေတတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသောအလှူဒါနဟုထင်မှတ်ပြီး ပြုလုပ်ခဲ့မိရင်လည်းနောင်တတွေ စိတ်မချမ်းသာမှုတွေမဖြစ်ကြပဲ ။နောင်တစ်ကြိမ်မပေးလှူမိအောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးတိုက်တွန်းလိုပါတယ်။ ထိုထိုသို့သော အလှူများကသည်ဆိုခဲ့ပြီးသည့်အတိုင်း ကုသိုလ်မရသည့် အပြင် အပ္ပါယ်လေးပါးကိုရောက်စေတတ်တာကြောင့် အားလုံးသော ဒကာ ဒကာမ များ အထူးရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ဖြစ်သော ဒါနကောင်းမှု များစွာကိုအားထုတ်ကြပြီး သီလ ဘာဝနာ ဝိပဿနာများကိုပါ အချိန်ရသလောက်စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်ပါစေဟုဆန္ဒပြု ဆုတောင်းလိုက်ရပါသည် ။

Source; အရှင်ဝိမလ၀ံသ (နာလန္ဒာတက္ကသိုလ် အိန္ဒိယ နိုင်ငံ)

လှချင်တဲ့ သမီးကလေးများသို့( လူထုဒေါ်အမာ)

လှချင်တဲ့ သမီးကလေးများသို့( လူထုဒေါ်အမာ)
====================================

လှချင်တဲ့ သမီးကလေးများသို့
ပြင်ဦးလွင်မှာ အနားယူနေရတော့ အားနေတဲ့အချိန်မှာတီဗွီကလာတဲ့ အနောက်က ရုပ်ရှင်ကားတွေကို တစ်ခါတလေ ဝင်ကြည့်မိတယ်။
ကြည်တဲ့အခါ ပစ်ခတ်နေတာတွေကလည်း များမှများ၊ အဲဒီလို ပစ်ခတ်တာတွေမဟုတ်ပြန်တော့လည်း ယောင်္ကျားနဲ့မိန်းမ တွေ့ခန်းတွေ၊ အဲဒါတွေကလည်း။တော်ရုံမဟုတ်ဘူး၊ ရေချိုးကန်ထဲမှာလည်း ပါရဲ့၊ အိပ်ရာပေါ်မှာလည်းပါရဲ့၊ပြီးတော့ တွေ့နေလိုက်ကြတာက အမေတို့ အဘွားကြီးတွေအနေနဲ့ ကြည့်ရတာစိတ်ဆင်းရဲစရာကြီးကိုးလူမျိုးစုံ ဝင်ကြထွက်ကြတဲ့စားသောက်ဆိုင်လိုနေရာမျိုးတွေ၊ ကပွဲခန်းတွေပြပြန်တော့လည်း မိန်းကလေးတွေ ကပြနေကြရတာမှာ ဝတ်စားထားရတာက ခန္ဓာကိုယ်ကို ဖုံးတယ်ဆိုရုံ၊ အထက်ကလည်း
ရင်သားလေး နှစ်ခုကာရုံ၊ အောက်ကလည်း လက်တစ်ဝါးစာလောက်ကာပြီးတော့လှုပ်ရှားကပြရတာကလည်း ပြောဝံ့စရာမရှိဘူး။ အဲဒီတော့ အမေက သြော်သူတို့နိုင်ငံတွေမှာ မိန်းကလေးတွေ ဝမ်းရေးအတွက် ရှာဖွေစားသောက်ရပုံကလည်း စိတ်ဆင်းရဲစရာ ကောင်းလှပါကလား။ သနားပါတယ် သူတို့ဘဝ လို့ အောက်မေ့မိတယ်။ ဒါနဲ့ ရန်ကုန်ကလာတဲ့ မိတ်ဆွေနဲ့ ခုခေတ်မိန်းကလေးတွေ
ဝတ်ကြစားကြတာနဲ့ ပက်သက်လို့ ပြောမိတော့ အဲဒီမိတ်ဆွေက ရန်ကုန်မှာ မိန်းကလေးတစ်ချို့ရဲ့ခါးပေါ်မှာ ထဘီမရှိတော့ဘဲ ဘောင်းဘီအတို၊ မတိုမရှည်နဲ့ဘောင်းဘီအရှည် ဝတ်တဲ့လူက ဝတ်တယ်၊ စကတ်ဆိုပြီး ၂ ကွဲ ၃ ကွဲ အတိုကွဲအရှည်ကွဲတွေကို ဝတ်တဲ့လူက ဝတ်တယ်။ အဲဒါထက် အခုမြင်ရတဲ့ ရုပ်ရှင်ထဲက မိန်းကလေးတွေလိုပဲ အင်္ကျီတိုနဲ့ ချက်ဖော်ဝတ်တဲ့ ကလေးမမျိုး
တစ်ယောက်တလေတောင်ပေါ်နေပြီ။ အဲဒီချက်ဖော်တဲ့ မိန်းကလေးတွေက ချက်မှာ ကျောက်မျက်ရတနာလည်း ကပ်ထားဆင်ထားသတဲ့ လို့ အင်မတန်ဆန်းတဲ့ သတင်းကို ပြောပြတော့ အမေက ဘုရားတမိတယ်။အမေတို့ မြန်မာမိန်းကလေးတွေရဲ့ ခါးပေါ်မှာ ထဘီလေးတော့
လုံလုံခြုံခြုံ ရှိစေချင်သေးတယ်လို့ ပြောနေ ရေးနေပေမယ့် မိန်းကလေးတွေဒူးပေါ်ပေါင်ပေါ်ဖြစ်အောင် ဝတ်စားနေကြတဲ့ အကွဲတွေအခွဲတွေကို မတော်ပါဘူးလို့ ရေးတဲ့ပြောတဲ့လူက နည်းပြီး မဂ္ဂဇင်း တစ်ချို့နဲ့ ဂျာနယ်များကမိန်းကလေးတွေရဲ့ ဝတ်စားဆင်ပြင်ပုံ အသစ်အဆန်းအမျိုးမျိုးကို ဖော်ပြရေးသား အားပေးနေကြတာက အများသားကိုး။
မဂ္ဂဇင်း ဂျာနယ်တွေသာမက ရုပ်မြင်သံကြားတွေမှာကလည်းကြည့်လိုက်ရင် အတုခိုးမှားစရာတွေကိုသာ အားပေးအားမြှောက်ပြုနေတဲ့
ပြကွက်တွေကို မြင်ရတယ်။ လူဆိုတာ မြင်ဖန်များတော့ ငယ်သတဲ့၊နမ်းဖန်များတော့ ပြယ်သတဲ့
အဲဒီတော့ အမေက စကားရိုင်းရိုင်းနဲ့ မေးချင်လာတယ်။ လူဟာ ရှိတာကို ဖော်တာ၊ မဖုံးတော့တာက ယဉ်ကျေးတာလား၊ ဖုံးတာက ယဉ်ကျေးတာလားလို့။

အဲဒီတော့ တချို့က အမေရယ် လူဆိုတာ ဒီလိုပါပဲ ကောင်းနိုးရာရာကို လုပ်ကြတာပါ။ လူငယ်တွေရဲ့ အတွေးအခေါ်တွေကို
လစ်လျူရှုလိုက်ပါတော့လို့။ ဒါလည်း သူတို့အနေနဲ့ ဆိုရင် ဟုတ်တာပေါ့လေ။ သူတို့နဲ့ အမေနဲ့က ခေတ်ချင်းကွာဟမှုက ရှိနေတာကိုး။
အနို့ပေမယ့် ကနေ့ အနောက်ကလာတဲ့ ရုပ်ရှင်တွေကို ကြည့်တဲ့အခါ အမျိုးသားတွေက အားလုံးလုံလုံခြုံခြုံ ဘောင်းဘီရှည်နဲ့ ကုတ်အင်္ကျီဝတ်လို့ မိန်းကလေးတွေကတော့ နည်းပညာမျိုးစုံသုံး လှနိုးရာရာ အဆင်အပြင်အမျိုးမျိုး
စိတ်ကူးရသလောက် ထည့်ပြီး ရှိတာကို ဖော်နိုင်သမျှပေါ်အောင် ဖော်လှစ်ပြသနေကြရတယ်။

အဲဒါဟာ ကျားမ တန်းတူရှိသေးရဲ့လား။ မိန်းမတွေရဲ့ဘဝ ကျားတွေကို ဆွဲဆောင်နိုင်မှုအတွက် တစ်သက်လုံး ကြိုးပမ်း အားထုတ်နေရတာလား၊ လူ့ဘဝ လူ့တာဝန်တွေကို ထမ်းရွက်ဖို့ မကြိုးစားရတော့ဘူးလားလို့ အောက်မေ့မလာရဘူးလားကွယ်။ မိန်းမတွေရဲ့ အဆုံးစွန်သော အားထုတ်လုပ်ဆောင်ရချက်က ယောကျားတွေအတွက် ဆိုတာပဲလား။ တခြား ဘာမှ
အဖိုးတန်တဲ့အလုပ် မလုပ်နိုင်တော့ဘူးလား၊ အမေရယ် ဒီလိုဆိုရင် တချို့နိုင်ငံတွေက အမျိုးသမီးတွေကို
တစ်ကိုယ်လုံးဘာမှ လူမမြင်ရအောင် အဝတ်ကြီး ခြေဆုံးခေါင်းဖျား ဖုံးနေရတာမျိုးကိုကော အမေ ဘယ်လိုသဘောရပါသလဲလို့ မေးလာရင်….အဲဒါဟာ မိန်းမကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်လောက်တန်ဖိုးထားတဲ့သဘော၊ မိန်းမကို လူ့အခွင့်အရေး တစ်မူးသားမှ
မပေးတဲ့လုပ်ရပ်မို့ အမေက သိပ်ရှုတ်ချတာပေါ့။ လင်ယောကျားတစ်ယောက်ကအပိုင်မွေးထားတဲ့ ထမင်းချက် ကလေးထိန်းတဲ့ လင်ယောကျားအလို ဖြည့်ရတဲ့လူသာသာပဲ။ အဲဒီထက် ဘာမှ မပိုပါဘူး။
အမေတို့က မိန်းမဆိုတာ လူ့ဂုဏ်သိက္ခာအပြည့်ရှိတဲ့ လူသား၊ လူ့လောကကို ယောင်္ကျားတွေနဲ့ တန်းတူရည်တူ တည်ဆောက်နေရတဲ့ လူသား၊ လူ့လောက သာယာဝပြောရေးအတွက် အားလုံးနဲ့အတူတူ တာဝန်ရှိတဲ့လူသား ဖြစ်စေချင်တာပါပဲ။
ဘယ်သူက ဘယ်သူ့ထက်မှလည်း မနိမ့်ကျစေချင်ဘူး။ တိရစ္ဆာန်လောကမှာတော့ နိုင်သူက အနိုင်ကျင့်တာလေ။
အားနည်းရင် အရှုံးပေးရတယ်။ အားကြီးရင် အနိုင်ကျင့်တယ်။ တို့က တိရစ္ဆာန်ထက်အများကြီး အဆင့်အတန်းမြင့်တာပဲဟာ။ အဲဒီတော့ တို့အားလုံးအတွက် လူဟာလူနဲ့တူအောင် တန်အောင်ပဲ ဖြစ်ကြစေချင်တယ်။
ကနေ့ အမေတို့နိုင်ငံမှာ လုပ်စရာတွေ အများကြီးရှိနေပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသဖြင့်လုပ်ရမှာတွေက တောင်လိုပုံပြီး စောင့်နေပါတယ်။ အဲဒီအလုပ်တွေကို လှပပေါ်လွင် ကြွမြောက်နေတဲ့ ခန္ဓာကိုယ်ဖြစ်ဖို့ ကြိုးစားလုံးပန်းနေရတာနဲ့ အချိန်ကုန်
ငွေကုန်ခံနေကြရမှာလား၊ မိန်းကလေးတွေမှာ ဒီထက်ပိုပြီး တန်ဖိုးရှိတဲ့လုပ်ငန်းတာဝန်တွေကို ထမ်းရွက်ဖို့ အသင့်ပြင်ထားကြရဦးမှာပါ။ လှအောင်ပအောင်၊ ယောင်္ကျားတွေ မြင်ရင် ကြိုက်ချင် ချစ်ချင်လာအောင် ရှိသမျှဖော်ထုတ်မြှူဆွယ်တယ်ဆိုတာ အလွန်သေးသိမ်တဲ့ ယုတ်ညံ့တဲ့ စိတ်ထားပါ။ တို့မိန်းမတွေမှာ အင်မတန် ကြီးလေးတဲ့တာဝန်တွေ ထမ်းရွက်ဖို့
အများကြီးရှိပါတယ်။

လှလှ မလှလှ ကျန်းမာဖို့ စိတ်ကောင်းစေတနာရှိဖို့
အသိအမြင် မြင့်မားဖို့ ငါတို့ကြိုးစားနေရမှာပါ။
ဒါကြောင့် သမီးတို့ လှချင်တာဟာ ကောင်းရဲ့လား။
ငါ့သမီးတို့ စဉ်းစားကြပါ။

(လူထုဒေါ်အမာ)

Wednesday, August 20, 2014

မြန်မာ့သမီး ရှုမငြီး

မြန်မာ့သမီး ရှုမငြီး
=
တစ်ခေတ်တုန်းက၊
ရင်ဖုံးအင်္ကျီ ပင်ဖျင်နီနှင့်
ထဘီချိတ်ဆင်၊ ယဉ်လည်းယဉ်စွ
ဆံပင်ရှည်ထုံး၊ မင်ပိတုန်းသို့
မှုန်းချယ်သစ်ဆင်း၊ လှယမင်းဟု
ကောင်းခြင်းခါတန်၊ မှတ်ကျောက်မှန်ခဲ့။

ယခုခေတ်ကား၊ ဆိုးဆေးများဖြင့်
ဖြူ ကျား ၀ါ ညို ၊ ဆံပင်တိုနှင့်
နဂိုအလှ၊ ကွယ်ပျောက်ရသေး
မေးငေါ့ရှုတ်ချ၊ ကဲ့ရဲ့ ကြ၏။

မလုံ့တလုံ့၊ ၀တ်စားပုံလည်း
ကြုံ၍ မြင်ခိုက်၊ သဲဖိုလှိုက်ဖွယ်
စရိုက်လော်မာ၊ ခေတ်အခါဟု
အပြစ်သာ တင်နေသင့်သလော။

မြန်မာ့သမီး၊ ရှုမငြီးတို့
ကိုယ့်စည်းကိုယ့်တာ၊ ကိုယ့်သိက္ခာဖြင့်
မြန်မာပီသ၊ ယဉ်ကျေးမှလျှင်
မွှေးမြဂုဏ်ပေါင်း၊ ချစ်ဖွယ်ကောင်းလိမ့်
နှစ်ထောင်းဖြူ စင်၊ လူ့ဂုဏ်အင်တည့်
ဆင်ယင်ဝတ်စား၊ မလွဲမှားသင့်။

အသွားအလာ၊ မူရာနေထိုင်
ကိုယ်ပိုင်ဓလေ့၊ ကိုယ်တိုင်မွေ့လျက်
မမေ့စဉ်လာ၊ စောင့်ထိန်းကာဖြင့်
မြန်မာဆန်ဆန်၊ ပန်းကောင်းပန်လို့
စံပြုဂုဏ်ယူ၊ ဖိုးထိုက်သူဟု
ကျင့်မူဆောင်တတ် သမီးမြတ်။ ။

( ရွှေမြိုင် )


"ဝီရိယ ၏ အရည် အ သွေး လေးမျိုး"


"ဝီရိယ ၏ အရည် အ သွေး လေးမျိုး"

အ ကြောင်းတရား ၈ ပါးပေါ်မှာအ ခြေ ခံပြီး
တော့ ထုတ်လုတ်လိုက် တဲ့ ဝီရိယဓာတ် ဟာ
ဘယ်လို အရည်အ သွေးမျိုးနဲ့ ပြည့်စုံ ရမလဲဆိုရင် အရည်အ သွေးလေးမျိုးနဲ့ ပြည့်စုံရမယ်

(၁) ငါ့ရဲ့ ခန္ဓာ ကိုယ် ပေါ်မှာ
အ ရေဘဲ ကျန် ရင် ကျန်ပါစေ
ငါ့ရဲ့ ဝီရိယ ဓာတ်ကိုတော့ လျှော့ချ မပစ်ဘူး
(၂) ငါ့ရဲ့ ခန္ဓာကို်ယ် ပေါ်မှာ အ ကြောဘဲ
ကျန် ရင် ကျန်ပါ စေ
ငါ့ရဲ့ ဝီရိယ ဓာတ်ကိုတော့ လျှော့ချ မပစ်ဘူး
(၃) ငါ့ရဲ့ ခန္ဓာကိုယ် ပေါ်မှာ
အရိုးဘဲ ကျန် ရင် ကျန်ပါစေ
ငါ့ရဲ့ဝီရိယ ဓာတ်ကိုတော့ လျှော့ချမပစ်ဘူး
(၄) ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အ သွေးအသားတွေ ခန်းခြောက်သွားရင် ခန်း
ခြောက်သွားပါစေ
ငါ့ရဲ့ဝီရိယ ဓာတ်ကိုတော့ လျော့ချ မပစ်ဘူး
အဲဒီလိုအရည် အ သွေးလေးမျိုးနဲ့ ပြည့်စုံတဲ့ဝီရိယ ဓာတ်မျိုးကို အခိုငိ အမာ
အဓိဋ္ဌာန် ပြု ဆောက်တည်ထားမယ်ဆိုရင်
လောက မှာ မ အောင် မြင် မ ကျော်လွှားနိင် တဲ့ အရာရယ်လို့ ဘာတစ်ခုမှ
ရှိမှာ မဟုတ်တော့ပါဘူး အရာအားလုံးကို
အောင် မြင် ကျော်လွှားနိင် မှာ သေချာပါတယ်

Credit- အရှင် ဆန္ဒာဓိက

"လူ တစ်ယောက် ရဲ့ရွက် တိုင်"်

"လူ တစ်ယောက် ရဲ့ရွက် တိုင်"်
-------------------------------
လူတိုင်းကလူ့ လောက မှာေ မျှာ်လင့်ချက် တွေ ကြောင် .ရုန်းကန် လှုပ် ရှားပြီး ရပိ တည် နေ ရတာ ပါ
အဲဒီ မျှော်လင် ချက် တွေ ရည်မှန်းချက် တွေကို ဘဝရဲ့ ရွက် တိုင် တစ်ခုလို
လူ့ လောက ဆို တဲ့
ပင် လယ် သမုဒ္ဒရာ ကြီးထဲမှာ မရပ် မနား
ရွက် လွှင့် ပြီး ရှေ့ကို ခရီးဆက် နေရ တာ
လောက ဓံ လှိုင်းလုံးရဲ့ အ ပေါ်ကို ရောက်
လိုက် လှိုင်းလုံး အောက် ကို ရောက် လိုက်
နဲ့. . .
သင့် ရဲ့ မျှော်လင့် ချက် ဘယ်တော့မှ မ သေဆုံး စေပါ နဲ့ !မျှော်လင့် ချက် ရွက် တိုင် ကြီးသာ လှိုင်းလေ အောက် မှာ
ပြိုကျ ပျက်စီးသွားရင် သင့်ဘဝရဲ့
အ ရေးကြီးတဲ့ ပတ်ဝန်းကျင် မိသားစု
ချစ်သူ တို့ ရဲ့ အနာဂတ်ဟာလည်း
ယိမ်းယိုင် ပြိုလဲ သွားနိင် ပါတယ်

ရွက် တိုင် ကို လွှင့်ပြီး မာယာများပြားလှတဲ့
ပင် လယ်ပြင် ကြီးမှာ အခက်အခဲမရှိ
ရွက် လွင့် ထားပါ
တစ် နေ့မှာ မျှော် လင့် ချက် ကမ်း ခြေဆီသို့ သင် ချောချော မွေ့ မွေ့ ဆိုက်
် ရောက် နိင် မှာပါ

KWYM (ကျော်ဝေယံမင်း)

အချိန်မီ နောင်တ

အချိန်မီ နောင်တ
============

"ရှင့် အဖွားကြီးကို ဘယ်နေ့ပို့မှာလဲ ? " … နံနက် စောစောစီးစီး ဇနီးသည် ဖြစ်သူရဲ့ စိတ်မရှည်သံကို စိတ်မချမ်းမြေ့စွာ ကြားလိုက်ရသည်…။

"ပို့မှာပေါ့ကွာ.. မင်းကလဲ.. ငါ့အမေလောက် မျက်စောင်းထိုးနေတာပဲ "

"အို…ထိုးရမှာပဲ… ရှင့်အမေက နေရာတကာပါနေတာကိုး… ကျွန်မ သည်းမခံနိုင်တော့ဘူး.. ရှင့်အမေကို ဒီတစ်ပတ်ထဲ ပို့ရင်ပို့.. မပို့ရင်တော့ ကျွန်မ သားလေးခေါ်ပြီး အမေ့အိမ် သွားနေတော့ မယ်…"

"ကဲ.. ဒီတစ်ပတ်ထဲ ပို့ရင် ပြီးတာပဲ မှတ်လား.."

ပြောပြီး ကျွန်တော် ပြန်လှည့်ထွက်လာခဲ့သည်..။ ကျွန်တော့် မိန်းမ ချို က အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရန် ပြောနေခြင်းဖြစ်သည်..။ ချမ်းသာသော မာနကြီးသော ဂုဏ်ဒြပ်အရှိန်အ၀ါကြီးမားသော အသိုင်းအ၀ိုင်းမှ ပေါက်ဖွားလာသည့် သူမနှင့် ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်ခန့်က လက်ထပ်ခဲ့ခြင်းဖြစ်သည်…။

ကျွန်တော်တို့ မိသားစုက ဆင်းရဲပါသည်..။ ငယ်စဉ်ကတည်းက အဖေဆုံးပါးသွားသဖြင့် မိခင်ဖြစ်သူက ဈေးရောင်းပြီး ကျောင်းထားပေးခဲ့ကာ အမေတစ်ခုသားတစ်ခု ဘ၀ဖြင့် ရုန်းကန်ခဲ့ရသည်..။ သူမနဲ့ ချစ်သူဖြစ်ရတာ ကျွန်တော့်အတွက်တော့ လုံးဝမမျှော်လင့်ခဲ့တဲ့ ဆုလာဒ် တစ်ခုဖြစ်ခဲ့သည်..။ သူမ မိသားစု အသိုင်းအ၀ိုင်းတွေ သဘောမတူ တားဆီးထားသည့်ကြားမှ ကျွန်တော့်နောက်ကို အရဲစွန့်ပြီး လိုက်ခဲ့သည်..။

ယခုဆိုရင် ကျွန်တော်တို့တွင် ချစ်စရာကောင်းသော ၃ နှစ်အရွယ် သားလေးတစ်ယောက်ကို ပိုင်ဆိုင်နေပြီဖြစ်သည်..။ ခက်တာက ချိုသည် အမေ့အပေါ် ဆက်ဆံရေးပြောင်းလဲလာခြင်းဖြစ်သည်..။ လက်ထပ်ပြီးခါစကဲ့သို့ ဆက်ဆံမှုမျိုးမတွေ့ရတော့..။ မိသားစု စီးပွားရေးလည်း ကျပ်တည်းလာတော့ အလုပ်မလုပ်နိုင်တော့ပဲ လူပို တစ်ယောက်လိုဖြစ်နေသော အမေ့အား ချို အပြစ်မြင်နေခြင်းဖြစ်သည်..။

ကျွန်တော်ကလည်း နေ့စဉ် အလုပ်ကိစ္စများနှင့် လုံးပန်းနေရသဖြင့် အမေ့ကို သိပ်ဂရုမစိုက်အားပဲ အိမ်မှာ အမြဲတမ်းရှိသော ချိုကသာ တာဝန်ယူ ပြုစုပေးခဲ့သည်..။ ယခုလည်း ကျန်းမာရေးမကောင်းပဲ ချုချာလာခဲ့သော အမေ့ကို ဘိုးဘွားရိပ်သာပို့ရန်ပြောနေခြင်း ဖြစ်သည်..။ အစက အကြံပြုပြီး ကောင်းစေချင်တဲ့ သဘောမျိုးသာ ပြောခဲ့ပေမယ့် အခုတော့ မပို့လျှင် ချိုနှင့်သာလေး အိမ်ကဆင်းသွားတော့မည့် အကြပ်ကိုင်သည့် ပုံစံမျိုးဖြစ်နေသည်..။

အတွေးကောင်းကောင်းနှင့် လှည့်ထွက်လာသော ကျွန်တော် တံခါးပေါက်ထိပ်တွင် နားထောင်နေ သော အမေ့ကို တွေ့လိုက်ရသည်..။ အမေ့မျက်ဝန်းတွင် မျက်ရည်များတွဲခိုနေသည်..။ အမေ ကျွန်တော့်ကို ကြည့်နေသော အကြည့်သည် အသနားခံသော အကြည့်..၊ တုန်ရီနေသော နှုတ်ခမ်းများမှလည်း ကျွန်တော့်ကို ပြောချင်နေသော စကားများ ရှိနေသည်ကို ကျွန်တော် သိသည်..။ ဒါပေမယ့် အမေ့ဆီက ဘာစကားမှထွက်မလာခဲ့ပါ..။ ကျလုစဲ မျက်ရည်ကို လက်ဖြင့်သုတ်ပြီး အမေ သူ့အခန်းထဲ သို့ ပြန်ဝင်သွားခဲ့သည်…။ ကျွန်တော် သက်ပြင်းရှည်ကြီးကို ပင့်ရှိုက် မိလိုက်သည်…………။

ဒီနေ့ အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရမည့်နေ့ဖြစ်သည်..။ ယခင်နေ့တွေက သူ့မြေးလေးနှင့် ဆော့နေ တတ်သော အမေ ဒီနေ့ သူမ အခန်းထဲကကို ထွက်မလာ..။ အိမ်ရှေ့ကို ကားရောက်လာတော့ ကျွန်တော် အမေ့ကို ခေါ်ရန် အမေ့အခန်းထဲသို့ ၀င်ခဲ့သည်..။

ကုတင်လေးပေါ်မှာ မကြီးမားလှတဲ့ အ၀တ်ထုတ်လေး တစ်ထုပ် တွေ့ရပြီး အ၀တ်ထုတ်လေးဘေးမှာ ထိုင်ပြီး ဓါတ်ပုံတစ်ပုံကို သေချာစွာ ကြည့်နေသော အမေ့ကိုတွေ့လိုက်ရသည်..။ ကျွန်တော် ၀င်လာတာမြင်တော့ အမေက ဓါတ်ပုံကို ကျွန်တော်မမြင်အောင် လျင်မြန်စွာ သိမ်းဆည်းလိုက်သည်..။ ဓါတ်ပုံက ကျွန်တော် ငယ်ငယ် ရှင်ပြုတုန်းက အမေနဲ့ ရိုက်ထားတုန်းက ပုံဖြစ်သည်..။ ပြီးတော့ ကျွန်တော်ကို "သွားတော့မှာလား…သား" ဆိုပြီး အလောတကြီး မေးလာသည်..။

"ဟုတ် အမေ… ကားရောက်ပြီ.."

"အမေ့ မြေးလေးကို ခေါ်ပေးပါအုံး… နှုတ်ဆက်ချင်လို့…"

အမေ့အသံမှာ ၀မ်းနည်းသံတွေ ပါနေသည်..။ ကျွန်တော် အမေ့ကို မျက်လုံးချင်း မဆိုင်ဝံ့ပဲ သားလေးကို ခေါ်ပေးလိုက်သည်..။ အမေ က သူ့မြေးလေးကို ချီပြီး နှစ်နှစ်ခြိုက်ခြိုက် နမ်းလိုက်သည်..။ ထို့နောက် အမေ့မျက်ဝန်းမှ မျက်ရည် များကျဆင်းလာခဲ့ပြီး သားလေးကိုချကာ အ၀တ်ထုပ်လေးကို ဆွဲကိုင်လိုက်ပြီး

"သွားကြရအောင် သား…" ဆိုပြီး ရှေ့ကနေ ဦးဆောင်ကာ ကားဆီကို ထွက်ခွာသွားခဲ့ပါတယ်..။

ဘိုးဘွားရိပ်သာ သွားတဲ့ လမ်းတစ်လျှောက်လုံး ကားပေါ်မှာ သားအမိနှစ်ယောက်စလုံး စကား မပြောဖြစ်ခဲ့ကြ..။ အမေက ကားပြတင်းပေါက်ကနေ အပြင်ကို ငေးမောကြည့်ရင်း နှုတ်ဆိတ်စွာ လိုက် ပါလာသည်..။ ကျွန်တော် အမေ့ကို ငေးကြည့်နေမိသည်..။ ဘ၀ကို တစ်ယောက်တည်း ရုန်းကန်ပြီး သားကို ပညာတတ်ဖြစ်အောင် ကျောင်းထားပေးခဲ့တဲ့အမေ…၊ ကျောင်းမှာ သား မျက်နှာမငယ်အောင်. အမြဲတမ်း အကောင်းဆုံးတွေကိုပဲ ဖြည့်ဆည်းပေးခဲ့တဲ့အမေ..၊ သားကျောင်းပြန်လာလျှင် ကျောင်းပေါက်ဝကနေ အပြုံးတွေနဲ့ စောင့်ကြိုနေတတ်သောအမေ..၊ အမေ…၊ အမေ…၊ အစရှိတဲ့ အမေ့အကြောင်းတွေက ရုပ်ရှင်ကားချပ်တွေလို အစီအရီ ပေါ်လာသည်..။ ငါ့လုပ်ရပ်ဟာ အမေ့အတွက် မျှတမှု ရှိရဲ့လား…။ အမေပေးဆပ်ခဲ့တာနဲ့ ပြန်ရတာဟာ တန်ရဲ့လား…? ငါ မှားသွားပြီလား?

ကျွန်တော် စဉ်းစားနေတုန်းမှာ ကားက ဘိုးဘွားရိပ်သာထဲကို ရောက်ရှိနေခဲ့ပြီဖြစ်သည်..။ တာဝန်ကျ ၀န်ထမ်းများမှ အမေနေထိုင်ရမယ့် အခန်းကို လိုက်လံပြသပြီး အမေက သူ့အခန်းလေးထဲက ကုတင်ပေါ်မှာ အ၀တ်ထုပ်လေးကို တင်လိုက်ပြီး…

"သား … ပြန်တော့လေ… နောက်ကျနေရင် သားမိန်းမ စိတ်ပူလိမ့်မယ်…၊ ညဖက် အပြင်ထွက်ရင် အနွေးထည်လေးဘာလေး ၀တ်အုံး..၊ သားက အအေးဒဏ် မခံနိုင်ဘူး.."

ကျွန်တော့် မျက်ဝန်းမှ မျက်ရည်တို့ကို ကျွန်တော် မတားဆီးနိုင်ခဲ့ပါဘူး..၊ အမေ့ကို ပြေးဖက်လိုက်ပြီး ကျွန်တော် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုမိပါတော့တယ်..။ ကျွန်တော့်ရင်ထဲမှာ အမေ့ကို ပြောစရာစကားတွေ အများကြီးရှိပေမယ့် ဘာစကားမှ ထွက်မလာခဲ့ပါ…။

"သား…ကို ..ခွင့်လွှတ်ပါ..အမေရယ်…" ကျွန်တော် ငိုရှိုက်ရင်း အမေ့ကို တောင်းပန်မိသည်..။

"အမေ..နားလည်ပါတယ်ကွယ်.." အမေလည်း ငိုနေတာပါလား..၊ အမေ့မျက်ဝန်းတွင်လည်း မျက်ရည်တွေ တွဲခိုနေသည်…"အမေတို့ ဖြစ်ချင်တာထက်..၊ ဖြစ်သင့်တာကို ဦးစားပေး ကြတာပေါ့.." တဲ့လေ….။

ကျွန်တော် အပြန်လမ်း တစ်လျှောက်လုံး ကားပေါ်မှာ ငိုရှိုက်လာမိသည်..။ အမေ့ကို ဒီလိုထားခဲ့ရတာ ကျွန်တော် လုံးဝစိတ်မကောင်း..၊ ရင်ဘတ်တစ်ခုလုံးလည်း တင်းကြပ်နေပြီး အသက်ရှုရတာတောင် မွန်းကြပ်နေသည်..။

ဒီလိုနဲ့ အိမ်ပြန်ရောက်လာတော့… ချိုက သားလေးကို ချော့သိပ် နေပြီဖြစ်သည်..။ ချိုက…" လူကလေးရဲ့ အိပ်ချိန်တန်…ဗျိုင်းရှေ့ကပျံ…" အစချီတဲ့ သားချော့တေးကို တိုးတိုးလေးဆိုပြီး ချော့သိပ်နေတာပါ..။ တံခါးဝကနေ ကျွန်တော် မြင်ရတဲ့ ချို သားလေးကို ချော့သိပ်နေတဲ့ ပုံစံဟာ ကျွန်တော့်ကို အမေက အဆိုပါ သားချော့တေးကို ဆိုပြီး ချော့သိပ်ခဲ့တာကို ပြန်အမှတ်ရစေ ပြီး ကျွန်တော့် မျက်လုံးထဲမှာ ချိုနဲ့ သာလေးကို မမြင်ပဲ အမေနဲ့ ကျွန်တော်ငယ်ငယ်က ပုံရိပ်တွေကို အစားထိုး ပြန်မြင်ယောင်စေမိပါတယ်..။ ကျွန်တော် မျက်ဝန်းမှ မျက်ရည်များ ထပ်မံစီးကျလာခဲ့ပြီး ကျွန်တော် ချက်ချင်းပြန်လှည့်ထွက်ခဲ့ပြီး လမ်းမပေါ် ပြေးထွက်ကာ ပြတ်သားတဲ့ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ပြီး တက္ကစီ တစ်စီးကို တားလိုက်ပါတယ်..။

ကျွန်တော့်အတွက် ကားမောင်းတာ အရမ်းနှေးနေသလိုပါပဲ…။ အမေ့ကို ပို့တုန်းက မြန်သလောက် အခုကျတော့ တော်တော်ကို နှေးနေသလိုပါပဲ.ကျွန်တော် အမေ့ကို အရမ်းတွေ့ချင်နေပါပြီ..။ ဘိုးဘွား ရိပ်သာကို ရောက်ရောက်ချင်းပဲ ကားပေါ်က ချက်ချင်းဆင်းပြီး ကျွန်တော် အပြေးဝင်ခဲ့ပါတယ်..။ တာဝန်ကျ ၀န်ထမ်းတွေကတော့ ကျွန်တော့်ကို နားမလည်ဘဲ အံ့သြစွာ ကြည့်နေကြပါတယ်..။ ကျွန်တော် အမေ့အခန်းထဲကို အပြေးတစ်ပိုင်း ပြေးဝင်ခဲ့ပါတယ်..။

အခန်းထဲမှာ ကျွန်တော် ငယ်ငယ် ရှင်ပြုတုန်းက အမေနဲ့ရိုက်ထားတဲ့ပုံကိုကြည့်ပြီး အမေငိုနေပါတယ်..။ ကျွန်တော် အမေ့ကို ပြေးဖက်လိုက်ပြီး ရှိုက်ကြီးတငင် ထပ်မံ ငိုမိလိုက်ပါတယ်..။ အမေကတော့ ကျွန်တော့်ကို နားမလည်တဲ့ ပုံစံရှိနေပြီး ကျွန်တော့် ခေါင်းကို ပွတ်သပ်ကာ ကျွန်တော့်ကို နှစ်သိမ့်နေပါတယ်....။ ကျွန်တော် ဘာမှ မပြောပဲ အမေ့ရဲ့ ခြေဖမိုးလေးကို ကိုင်ကာ မြတ်နိုး နှစ်ခြိုက်စွာ နမ်းရှုံ့လိုက်ပြီး………….

"သားတို့ အိမ်ပြန်ကြရအောင်…အမေ…."

ဘယ်တော့မှ အမေ့ကို မစွန့်လွှတ်မိပါစေနဲ့…။ အဲ့ဒီဆုံးရှုံးမှုကို သင်ယခု မခံစားရရင်တောင်မှ တစ်ချိန်ကြရင် ခံစားရပြီး ကြီးမားတဲ့ နောင်တ တရား ရပါလိမ့်မယ်…။ အမေ့ကို မြတ်မြတ်နိုးနိုး ချစ်တတ်ကြပါစေဗျာ…။

Credit: အောင်ထွန်းဦး

facebook မှာ တွေ့ရတဲ့ ကောင်းနိုးရာရာလေးတွေ

facebook မှာ တွေ့ရတဲ့ ကောင်းနိုးရာရာလေးတွေကို share လိုက်ပါတယ်နော် .......................

"အ ပေါင်းအသင်းမိတ်ဆွေ ပေါလိုလျှင"်

"အ ပေါင်းအသင်းမိတ်ဆွေ ပေါလိုလျှင"်

-စကားမနည်းပါနဲ့
ပြောသင့်တဲ့အခါ ပြောပါ
- အရှက် အ ကြောက်မကြီးလွန်းပါနဲ့
-မာန နိမ့်ချ၍ လှိုက်လှဲ သော စေ တနာဖြင့်
ဆက် ဆံပါ
- သင့် မိတ် ဆွေ ဒုက္ခ ရောက် နေပါက ကူညီနိင် သော အခွင့် အလမ်းကို ရှာ၍ ကူညီပါ
-သိ သော်လည်းမသိဟန်ဖြင့် ဆရာတင် သင့်သူကို တင် ပါ
-သူတစ်ပါးအ ပေါ်ချီးမွမ်းစရာကို အ မြှောက်
မလွန် စေ ဘဲ ချီးမွမ်းပါ
- သည်းခံပါ လူအများနဲ့ မဆန့်ကျင် မိ အောင် အထိုက် အ လျောက် နေပါ
-ဖိတ်ကြားချက် များကို မပျက်တမ်းသွားရောက်
ပါ
- အများနင့် ဆက်ဆံခွင့် ရရန် စတင် မိတ်ဖွဲ့
ပြောဆိုပါ
- ပိုက်ဆံ ချေးငှားခြင်းများ အလွန်အကျွံ မလုပ် ပါနဲ့ အလိုက် မသိ ချေးငှားခြင်း
သည် မိတ်ပျက် စေ၏

စာဖတ်ပရိသတ်များ အ ပေါင်းအသင်း
များပြားပြီးလူချစ်လူခင် ပေါများပါစေ

KWYM(ကျော်ဝေယံမင်း)

Monday, August 4, 2014

ကျေးဇူးတင်လွှာ



ကျေးဇူးတင်လွှာ
 
          SIOE Magazine တွင် စာမူများ ချီးမြှင့်ပေးကြသော သွန်းသစ်( ဘုတလင် ) ၊ သလင်းအိမ် ( PKUN & MTS ) ၊ သေက္ခ ၊ ကျေးတမန် ( ကချင် ) နှင့် မောင်ရန်နိုင် ( ကလေး )  တို့အား အထူးပင် ကျေးဇူးတင်ရှိပါသည်။ ဆက်လက်၍လည်းစာမူများ ချီးမြှင့်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

                                                          တာဝန်ခံအဖွဲ့


လေးစားအပ်ပါသော စာမူရှင်များနှင့် စာဖတ်သူများသို့…………



လေးစားအပ်ပါသော စာမူရှင်များနှင့် စာဖတ်သူများသို့…………


          SIOE Magazine လေးမွေးဖွားခဲ့သည်မှာ ယခုဆိုလျှင် ( ၄ )လ ပြည့်ပါပြီ ။ စတင်သက်ဝင်လှုပ်ရှားခဲ့သည်ကတော့ ( ၃ ) လသာ ရှိပါသေးသည် ။ ( ၃ ) လတာ ကာလအတောအတွင်းတွင် ရည်ရွယ်ထားသည်များလည်းဖြစ်ခဲ့၏။ မရည်ရွယ်ထားသည်များလည်း ဖြစ်ခဲ့၏ ။လောကဓမ္မတာပင်မဟုတ်ပါလော ။

                   မွေးဖွားလာပုံ

          တစ်နေ့ကျောင်းတော်ကြီးပိတ်၍ အိမ်မှာရှိနေစဉ် ကျွန်တော်သည် လိုင်းပေါ်တွင် စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့်ပတ်သက်သော အကြောင်းအရာလေးများ ရှာကြည့်မိ၏။ သတင်းလေးနှစ်ပုဒ်သာ ကျလာပါသည်။ အကြောင်းအရာကလည်း များများစားစား မဟုတ်ပေ ။ အလွမ်းပြေ ကျောင်းပုံရိပ်လေး တောင်မတွေ့ရပါ ။ ( မည်သူ့ကိုမျှ ပုတ်ခတ်ပြေလို၍ မဟုတ်ရပါ ။ ယခင်အင်တာနက်လိုင်း သိပ်မသုံးခင်က အခြေအနေကို ဖော်ပြခြင်းဖြစ်ပါသည်။ )
          ဤသို့ဖြင့် အတွေးတစ်ခုပေါ်လာခဲ့သည်။ ကဗျာစာအုပ်ထုတ်ဝေလျှင်တောင်မှ ဖတ်ချင်မှ ဖတ်ကြမည် ။ Software လေးလုပ်ပြီး ဖုန်းလေးတွေကို ဖြန့်ပေးလျှင် အနည်းနှင့်အများတော့ ထိရောက်မည်ဟု တွေးမိခဲ့သည်။ ထို့ကြောင့် SIOE Magazine Software လေး ကိုဖန်တီးဖြစ်ခဲ့ပါသည် ။

                   ရည်မှန်းချက် ( ၂ ) ရပ်

          Software လေးလုပ်ထားသဖြင့် ကဗျာစာအုပ်ကဲ့သို့ ၀ယ်စရာမလိုတော့ပေ။ တကူးတက ဖတ်စရာလည်းမလိုတော့ပေ။ လိုင်းပေါ်တွင် Facebook , Viber သုံးရင်းဖြင့် Software လေးတွင် အလိုလို Post လေးများကျလာပေလိမ့်မည်။ ဤသည်ကို ယောင်မှား၍ Sofrware လေးကို လက်ကလေးဖြင့် ထိရုံဖြင့် ကဗျာလေးများဖတ်လို့ရမည်ဖြစ်သဖြင့် ကျွန်တော့်ဆိုဒ်လေးကို အားပေးကြလိမ့်မည်ဟု ရည်မှန်းထားခဲ့မိပါသည် ။ မျှော်လင့်ထားခဲ့မိသည်။
          ကျွန်တော့်အထင်နှင့်အမြင် လွဲခဲ့သည်ဟု ဆိုရပေမည်။ ကျောင်းတော်ကြီးအတွင်းက ကျောင်းသားများထံမှ ရရှိသောစိတ်ဓာတ်ခွန်အားဖြင့် SIOE Magazine လေးကို အသက်ဆက်မည် ဟု ရည်မှန်းခဲ့ခြင်းဖြစ်သည်။ အခုတော့ Magazine လေး ရှင်သန်နေပါသေးသည်။ တစ်နည်းပြောရလျှင် အသက်ဆက်နေပါသေးသည် ။
          နောက်ရည်မှန်းချက်တစ်ခုကား တာဝန်ထမ်းဆောင်နေကြပြီဖြစ်သော ပညာရေးတက္ကသိုလ် ကျောင်းသားဟောင်းများအနေဖြင့် ကျောင်းတော်ကြီးကို လွမ်းဆွတ်၍ လိုင်းပေါ်တွင်ရှာခဲ့လျှင်  ကျွန်တော်တင်ထားသော စာလေးများမြင်ရလျှင် အနည်းငယ် အလွမ်းပြေကြလိမ့်မည်ဟု ရည်မှန်းထားခဲ့သည်။
          ကျွန်တော်တွေးထင်သကဲ့သို့ အနည်းငယ် ရှိခဲ့ပါသည်။ အစ်ကိုတစ်ယောက် လိုင်းပေါ်မှ ကဗျာလေးများ ပေးပို့လာပါသည်။ အစ်မအချို့ က အားပေးနေကြောင်း ၊ ဆက်လက်ကြိုးစားစေလို ကြောင်း လိုင်းပေါ်မှ အားပေးလာကြပါသည်။
          ကျေးဇူးပါဗျာ…….။ ကျွန်တော့်ဆိုဒ်လေးကို စာမူများပေးပို့ကြသော စာမူရှင်များ ၊ software လေးကို မိမိတို့ ဖုန်းတွင် နေရာလေးတစ်နေရာစာ ပေးထားကြသော သူများ ၊ လိုင်းပေါ်တွင် တစ်ခါတစ်ခေါက် မျက်စိလည် လမ်းမှား၍ အလည်ရာက်ကြသူများ စသည် စသည် …… အားလုံး …. အားလုံး တို့အား အထူးပင် ကျေးဇူးတင်ရှလျက်ရှိပါသည်။

          SIOE Magazine လေး အားပေးသူများရှိနေသေးသမျှတော့ အသက်ဆက်နေပါမည်။ အသက်ဆက်နေပါဦးမည် ။ သို့သော် …………….

SIOE Magazine

Facebook – Thint Tunnaing
Twitter – lwinwai2007
Viber – 09 400 511 851

မေ့မေတ္တာကဗျာနှင့်ပတ်သက်၍ ဖြေရှင်းလွှာ



မေ့မေတ္တာကဗျာနှင့်ပတ်သက်၍ ဖြေရှင်းလွှာ


          ဇူလိုင်လ ( ၂၃ ) ရက်နေ့တွင် ထုတ်လွှင့်ခဲ့သော SIOE Magazine တွင် စာမူရှင် မြူနှင်းမိုး ၏ မေ့မေတ္တာ ကဗျာလေးကို  တာဝန်ခံအဖွဲ့ ၏ ပြင်ဆင်ချက်လေးများဖြင့်  ဖော်ပြခဲ့ပါသည် ။ ဤသည်ကို စာမူရှင်အနေဖြင့် လက်မခံနိုင်ကြောင်း ၊ ကဗျာကို ဖျက်ပေးစေလိုကြောင်း ၊ ကဗျာနှင့်ပတ်သက်၍ ဖြေရှင်းချက်ရေးပေးစေလိုကြောင်း တောင်းဆိုလာပါသဖြင့် စာမူရှင်၏ ဆန္ဒအတိုင်း ကဗျာကို ဖျက်ပေးလိုက်ပါပြီ။မေ့မေတ္တာကဗျာသည်လည်း တာဝန်ခံအဖွဲ့၏ ပြင်ဆင်ချက်များပါဝင်ပါကြောင်း ဖြေရှင်းပေးလိုက်ရပါသည်။
          တစ်ဆက်တည်းတွင် စာမူရှင်များ မေတ္တာရပ်ခံလိုပါသည်။ ကျွန်တော်တို့ဆိုဒ်လေးသို့ ပေးပို့လာသော စာမူများအား တာဝန်ခံအဖွဲ့မှ လိုအပ်ပါက စာမူရှင်နှင့် ညှိနှိုင်း၍ ပြန်လည်ပြင်ပါမည် ။ ( ဂျာနယ် ၊ စာစောင်များသို့ စာမူများ ပေးပို့လေ့ရှိသူများ ကျွန်တော်တို့အား နားလည်ပေးနိုင်လိမ့်မည် ဟု မျှော်လင့်ပါသည် ။ )
                   အားလုံးကို ကျေးဇူတင်လျက်ပါ……….

                                      SIOE Magazine တာဝန်ခံအဖွဲ့

မောင်ဖတ်ဖို့………



မောင်ဖတ်ဖို့………
 
ကဗျာရေးတဲ့လက်မို့
စိတ်ကူးယဉ်သက်သက်လို့
ထင်သလားမောင် ။  

ဂစ်တာတီးတဲ့လက်
ထမင်းမချက်တတ်ဘူး
မထင်ပါနဲ့မောင် ။  

ပီယာနိုတီးတဲ့လက်
ဘ၀အတွက်
သတ္တိမချို့တဲ့ဘူးမောင် ။  

ပန်းကောက်တဲ့လက်
အတ္တတွေပြိုးပြက်မနေပါဘူးမောင် ။  

မိုးရေစက်များကို
ထွေးပွေ့လိုတဲ့လက်
ဘယ်တုန်းကမှ
တရားမပျက်ခဲ့ပါဘူးမောင် ။   

မသွယ်လျတဲ့လက်
တစ်စုံတစ်ရာကိုမှ
နာကျင်အောင်
မပြုရက်ခဲ့ပါဘူးမောင် ။   

အရုပ်ဆိုးတဲ့လက်
မေတ္တာတရားဆိုတဲ့အလှနဲ့
ကုံလုံကြွယ်ဝပါတယ်မောင် ။   

ကြမ်းတမ်းတဲ့လက်
နားလည်ကြင်နာတတ်ခြင်းများနဲ့
သိမ်မွေ့လျက်ရှိပါတယ်မောင် ။   

ဒါပေမဲ့
မျက်ရည်ခဏခဏ
သုတ်ရတဲ့လက်
ဆင်းရဲခြင်းစိတ်ဒုက္ခများနဲ့
ခွန်အားချည့်နဲ့နေပြီမောင် ။   
                   မိကောက်
( အောင်ဝေး၏ သြခက်စကြာ ကဗျာစာအုပ်မှ ထုတ်နှုတ်ဖော်ပြလိုက်ပါသည်။ )